Tuesday, November 3, 2015

ဘယ်သူ ပိုမိုက်လဲ....?

                                                              ဘယ်သူ ပိုမိုက်လဲ....?
                                                                 +++++++++

                                                                 မောင်သီဟိုဠ်
                                                                ၀၄.၁၁.၂၀၁၅

 


    မြန်မာပြည်မှာ ဖြစ်နေကြတဲ့ ဘာသာရေး သာသနာရေး နိုင်ငံရေးတွေကို တွေ့ရ မြင်ရ ကြားရ ဖတ်ရတိုင်း မဋ္ဌကုဏ္ဍလီတို့ သားအဖ နှစ်ယောက် ပြောတဲ့ စကားလေးကို သွားသွားပြီး သတိရတယ်။ ဒါပေမယ့် ကိုယ့်အတွေးပဲ ချော်ချော်သွားလို့ လားမသိဘူး ဘာသာရေးထဲက တရားကို နိုင်ငံရေးနဲ့ ဆက်စပ်ပြီး ခဏခဏတွေးမိတယ်။ တွေမိတိုင်းလည်း မင်းတို့တွေ ဘယ်သူက ပိုမိုက်လဲ လို့ ခဏခဏမေးမိတယ်။ ကိုယ့် အတွေးထဲမှာပေါ့လေ။ အဲဒီအတွေးလေးက မပြောရ မရေးရတော့ ပျောက်မသွားပဲ ရင်ထဲမှာ အမြူတေ အဖြစ်နဲ့ရှိနေတယ်ထင်ပါရဲ့ ခုလုခုလု ဖြစ်နေတယ်။ ဒီနေ့တော့ ဘာပဲ ဖြစ်ဖြစ်ရေးလိုက်တော့မယ် ဆိုပြီး ဆုံးဖြတ်လိုက်တော့တာပါ။ ဘယ်သူဘယ်ဝါကို တစ်စုံတစ်ယောက်ကို တိုက်ခိုက်ချင်လို့တော့ မဟုတ်ပါ။ ဒီစာလေးကို ဖတ်ပြီး အတွေးစလေး ရသွားတယ်ဆိုရင်ပဲ ရေးရကျိုးနပ်ပါပြီ။


       
    မြတ်စွာဘုရား ရှိစဉ်ပေါ့။ သာဝတ္ထိပြည်မှာ အဒိန္နပုဗ္ဗက ဆိုတဲ့ သူဌေးပုဏ္ဏား တစ်ယောက်ရှိတယ်။ သူ့မှာ ဇနီးတစ်ယောက်နဲ့ တစ်ဦးတည်းသော သားတစ်ယောက်ရှိတယ်။ တစ်ဦးတည်းသား ဖြစ်ပေမယ့် သူ့အဖေက သူကို ပြောသလောက်ကြီး မချစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖခင်ဖြစ်သူဟာ သူပစ္စည်းဥစ္စာကလွဲလို့ ဘယ်ဟာမှ အာရုံထဲမှာမရှိဘူး ဒါကြောင့်လည်း တစ်မြို့လုံးသူက သူကို "အဒိန္နပုဗ္ဗက" လို့ ခေါ်ကြတာလေ အဒိန္နပုဗ္ဗကရဲ့ အဓိပ္ပါယ်က တစ်ခါမှ "မပေး မလှူဖူးသူ" တဲ့။ သူ့နာမည်နဲ့တော့ လိုက်လည်း လိုက်ပါတယ်။ ရှိတဲ့ သားလေးတစ်ယောက်အတွက် နားတောင်း(နားကပ်)လေး တစ်ရန်ကို ရွှေပန်းတိမ် ဆိုင်ခိုင်းရင် လက်ခ ကုန်တယ်ဆိုပြီး သူကိုယ်တိုင် လုပ်တယ်လေ။ စဉ်စားကြည့်ပေါ့ ပန်းတိမ်ပညာ မတတ်ပဲ လုပ်ထားတဲ့ နားတောင်း(နားကပ်) တစ်ရန်ရဲ့ ပုံကို ဘယ်လောက်များ မပြေမပြစ် မလှမပ ဖြစ်နေမလဲဆိုတာ။ အဲလို သူလုပ်ထားတဲ့ နားတောင်း(နားကပ်)တစ်ရန် သူ့သားကို ဆင်တယ်။ အဲဒါကြောင့် သူ့သားကို လူတွေက "မဋ္ဌကုဏ္ဍလီ" လို့ ခေါ်ကြတယ်။ အကောင်း ခေါ်တာတော့ မဟုတ်ပါဘူး။ ဘယ်လိုမှ ကြည့်မကောင်း ရှုမကောင်းတဲ့ နားတောင်း(နားကပ်)ကို ၀တ် ဆင်ထားတော့ သူငယ်ချင်းများက မလှမပနဲ့ ဝတ်ထားတဲ့ သူ့နားတောင်း(နားကပ်)ကို ကြည့်ပြီး "မင်း နားတောင်း(နားကပ်)ကချောလှ ကောင်းလှချည်လားကွ " လို့ စရင်း နောက်ရင်း ခေါ်ကြပါတယ်။ တောမှာဆို ပုဆိုးအစုတ်အပြဲကြီး ဝတ်ထားရင် "ဗျိုး ပုဆိုးအသစ်ကြီးနဲ့ လူကြီး" လို့ ခင်မင်ရင်းနှီးတဲ့ သူတွေက စနောက်ပြီးခေါ်ကြတယ်လေ။ အသားမဲလွန်းတဲ့ ဟာသလူရွှင်တော် ကျင်ဝှက်ဆိုတဲ့ တရုတ်နာမည် ခေါ်သလိုဖြစ်မှာပေါ့။
       
    တိုတို ပြောရရင် မဋ္ဌကုဏ္ဍလီဟာ သူ့အဖေ သူဋ္ဌေးကြီး ဆေးမကုပဲ ထားလိုက်တဲ့ အတွက်ကြောင့် အသားဝါ ရောဂါနဲ့ ဆုံးသွားပါတယ်။ ဒါပေမယ့် သူကံကောင်းတာ တစ်ခုက သေခါနီး ဆဲဆဲမှာ မြတ်စွာဘုရားကို ဖူးမြင်လိုက်ရတဲ့ အတွက်ကြောင့် သူဟာ နတ်သားလေး သွားဖြစ်တယ်။ မဋ္ဌကုဏ္ဍလီရဲ့ နာရေးကိစ္စပြီးစီးသွားတဲ့ အခါမှာ ဖခင်ဖြစ်သူဟာ သူ့သားကိုလွမ်းဆွတ် သတိရပြီး သုဿန်မှာ သွားသွားပြီး ငိုနေပါတယ်။ တကယ်တော့ သူဟာ သူ့သားမရှိတော့မှ ဆေးမကုပဲ ထားမိတဲ့အဖြစ်ကို နောင်တ ရပြီး ပူဆွေးတမ်းတနေတာပါ။ ဖခင်ဖြစ်သူ သုဿန်မှာ နေ့စဉ် ရက်ဆက် ငိုနေတာကို တွေရတဲ့ မဋ္ဌကုဏ္ဍလီနတ်သားဟာ ဖခင်ကို အသိတရား ရအောင်လုပ်မယ် ဆိုပြီး။ ဖခင်နဲ့ မနီးမဝေးနားမှာ လူငယ် အသွင်ဖန်ဆင်းပြီးတော့ ငိုနေပါတယ်။ ဒါကို တွေ့တော့ ငိုနေတဲ့ သူဋ္ဌေးကြီးဟာ လူငယ်လေးနား ကပ်ပြီး " ဟေ့ ..ကောင်လေး မင်းဘာလို့ ငိုနေရတာလဲ" လို့ မေးတော့ "လှပတဲ့ ရွှေရထားအိမ်ကြီးရှိပြီး ဘီးနှစ်ဘက်မရှိလို့ လိုချင်တာ မရလို့ ငိုနေတာ"ဆိုတဲ့ အကြောင်း သူဋ္ဌေးကြီးကို လူငယ်လေးက ပြောပြတော့ သူဋ္ဌေးကြီးက " မင်း ရထားဘီးလေး ရချင်တာများ ငိုစရာလားကွာ ငိုမနေပါနဲ့ ဘယ်လိုဘီးမျိုး ရချင်းလဲပြော ငွေဘီးလား ရွှေဘီးလား ပတ္တမြားဘီးလား ကြိုက်တာပြော ငါလုပ်ပေးမယ်" ဆိုတော့ လူငယ်လေးက " ရထားအိမ်က ရွှေအိမ်ကြီးဆိုတော့ ရထားဘီးကို တစ်ဖက်က နေဘီး တစ်ဖက်က လဘီးဆိုပြီး နေနဲ့လကို ရထားဘီးလုပ်စီးချင်လို့ပါ" ဆိုတာလည်း ကြားလိုက်ရော သူဋ္ဌေးကြီး စိတ်ထဲမှာ တင်းသွားပြီး " မင်းဟာ မတောင်းတကောင်းတာကို တောင်တနေတာ လူမိုက်ပဲ" လို့ ခပ်ဆတ်ဆတ် ပြောလိုက်တော့ "သူဋ္ဌေးကြီးလည်း ဘာကြောင့် ငိုနေတာလဲ"လို့ လူငယ် အသွင်ဆောင်ထားတဲ့ မဋ္ဌကုဏ္ဍလီနတ်သားလေးက ပြန်မေးလိုက်ပါတယ်။ သူဋ္ဌေကြီးက "ငါ့ရဲ့ တစ်ဦးတည်းသော သားလေး ဆုံးသွားလို့ ငိုနေတာ"လို့ ပြောလိုက်တယ်။ တကယ်တော့ သူဋ္ဌေးက သူနဲ့ စကားပြောနေတာ သူ့သား မဋ္ဌကုဏ္ဍလီနတ်သားမှန်း မသိရှာဘူးလေ။ အဲဒီ ချိန်မှာ လူငယ် အသွင်ဆောင်ထားတဲ့ မဋ္ဌကုဏ္ဍလီ နတ်သားလေးဟာ တ..ဟား...ဟား ရယ်ပြီး " ခင်ဗျားကမှ တကယ့် လူမိုက်ပဲ မတောင်းတကောင်းတာကို တောင်းတတာပဲ ဘာတဲ့ ... သေသွားတဲ့သားကို ပြန်လိုချင်လို့ ငိုတာတဲ့ ကျုပ်က ရထားဘီးရချင်လို့ ငိုတာ ၊ မမြင်ရတော့တဲ့ သားကိုလိုချင်သူ ခင်ဗျား နဲ့ အခု အထင်အရှား မြင်နေတွေ့နေရတဲ့ နေနဲ့လကို ရထားဘီးလုပ်ချင်သူ ကျုပ် ဘယ်သူက မိုက်လဲ ဆိုတာ စဉ်စားကြည့်ပါဦး" လို့ ဆိုလိုက်တော့ ဘယ်သူပို မိုက်တယ်ဆိုတာကို သဘောပေါက်လက်ခံပြီး ဖခင်ဖြစ်သူ သူဋ္ဌေးကြီးဟာ ရင်ထဲက အပူတွေ ငြိမ်းသွားပါတယ်။ ဇာတ်ကြောင်းလေးက ဒီလောက်ပါပဲ။


    မမြင်ရသေးတဲ့ ဘာဖြစ်ရင် ဘာလုပ်ပေးမယ်ဆိုတာတွေ ဘာဖြစ်ရင် ဘာဖြစ်သွားမယ်ဆိုတာတွေကို စဉ်းစားသင့်ပါတယ်။ ဖြစ်နေတဲ့ အခြေအနေနဲ့ ဖြစ်လာမည့် အခြေအနေ ဘယ်ဟာက ပိုအရေးကြီးလဲ ဆိုတာ စဉ်းစားသင့်ပါတယ်။ ဖြစ်လာမည့် အခြေအနေဆိုတာ မသေချာသေးပါဘူး။ ဖြစ်နေတဲ့ အခြေအနေကသာ လက်တွေ့မျက်မြင် ဖြစ်လို့ အရေးကြီးပါတယ်။ တကယ်မြင်နေရတဲ့ အန္တရာယ်ကို ၊ တကယ်လက်တွေ့ ခံစားနေရတဲ့ အဖြစ်အပျက်တွေကို မကြောက်ပဲ သင်္ခန်းစာ မယူနိုင်ပဲ မရေရာ မသေချာတဲ့ အရိပ်တစ္ဆေနဲ့ ခြောက်တာကို ကြောက်နေကြရင်တော့ လက်ရှိဖြစ်နေတဲ့ အန္တရာယ်ကို မကြောက်သူနဲ့ မမြင်ရသေးတဲ့ အန္တရာယ်ကို ကြောက်နေသူ ဘယ်သူပိုမိုက်လဲ? မြင်တွေ့နေရတဲ့ အနီးရန်သူကို မကြောက်သူနဲ့ မမြင်မတွေ့ရသေးတဲ့ အဝေးရန်သူကို ကြောက်နေသူ ဘယ်သူပိုမိုက်လဲ?လို့ မေးပါရစေ။ အတွေးရဖို့အတွက် ကဗျာလေးနဲ့ အဆုံးတတ်လိုက်ပါတယ်။

    ၁။    မစင်လူးလျှင်   
                 အေးကြည်လင်သည့် 
                 ရေစင်ရှိလျှက် မဆေးရက်
                  ရေတွက် မဟုတ်ပေ.........။

         ၂။    ရန်သူဝိုင်းထား 
                 ထိုယောက်ျားအား
                  ပြေးသွားဖို့ရာ  လမ်းပေါက်သာလျှက်
                မပြေးရက်    လမ်းတွက် မဟုတ်ပေ........။


အကိုး//
 မဋ္ဌကုဏ္ဍလီဝိမာန ဝတ္ထု

No comments: